Posted by: neking | December 14, 2010

မွေးနေ့

ပြောရရင်ဒီနေ့ကျွန်တော့်မွေးနေ့ပါ။

မှတ်မှတ်ရရမွေးနေ့အတွက်ဘာမှစိတ်ကူးမရှိဘူး။အရင်ကတည်းကလည်းမွေးနေ့အတွက်ဒီလောက်

စိတ်ထဲမထားပါဘူး။ ဒါပေမယ့်ဒီနေ့မှာတွေးမိတာတွေရှိတယ်။ပထမကိုယ့်မိဘနှစ်ပါးပေါ့။

အသက်တွေကြီးလာတော့ရင်ထဲမှာရှိပေမယ့်တွေ့ရင်ပြောမထွက်ခဲ့တဲ့စကားတွေအများကြီးပါ။

ဥပမာ..အရမ်းကိုလွယ်ကူလွန်းတဲ့….ဖေဖေနဲ့မေမေကိုသားအရမ်းချစ်တယ်ဆိုတာမျိုးပေါ့။

ကျွန်တော်မပြောဖြစ်ခဲ့ပါဘူး။ကျွန်တော့်ကိုမွေးထုတ်ပြီးကြီးပြင်းအောင်ကျွေးမွေးစောင့်ရှောက်ခဲ့လို့

ဒီအရွယ်၊ဒီအသိဥာဏ်ရခဲ့တာပါ။မွေးမိခင်နဲ့ကျွေးဖခင်တို့ရဲ့မေတ္တာကို…မှန်းဆရှိခိုးကန်တော့ပါတယ်။

ဒီခေတ်ကြီးမှာလူတစ်ယောက်ဖြစ်ဖို့.ရှင်သန်နေထိုင်ဖို့နဲ့ရပ်တည်မှုအမျိုးမျိုးအတွက်ရုန်းကန်ရတာက

ပင်ပန်းဆင်းရဲလွန်းပါတယ်။ဒါကိုစိန်ခေါ်မှုလုပ်ပြီးလူတစ်ယောက်အဖြစ်ရှင်သန်ခွင့်ပေးခဲ့တဲ့

အဖေနဲ့အမေကိုကျေးဇူးအရမ်းတင်ပါတယ်လို့ပြောချင်ပါတယ်။

………..

ဒုတိယကဆရာသမားတွေပေါ့..မြင်ဆရာ၊ကြားဆရာ၊သင်ဆရာအကုန်လုံးပါပဲ။ဒီအသက်အရွယ်မှာ

ရပ်တည်မှုတစ်ခုနဲ့ယုံကြည်မှုတစ်ခုရအောင်..ပညာသင်ပေးခဲ့တဲ့သမားအားလုံးကိုရိုသေစွာဂါရ၀ပြုပါတယ်။

ဆရာတွေနဲ့ပတ်သက်လို့အမှတ်တရတွေအများကြီးတော့မရှိပါဘူး။တတိယအနေနဲ့ကတော့ကျွန်တော့်ရဲ့

အပေါင်းအသင်းရောင်းရင်းတွေပါ။ဘ၀ရဲ့ပျော်ရွှင်မှုအစိတ်အပိုင်းတော်တော်များများဟာသူတို့မရှိပဲမဖြစ်လာနိုင်ပါဘူး။

စိတ်ဓာတ်ကျလို့အားပေးနိုင်တာထက်..သူတို့ရှိလို့…အားတက်နေတာမျိုးကိုပိုကြိုက်ပါတယ်။

သေအတူခင်မကွာရှိနိုင်အောင်ကြိုးစားကြတာပေါ့ကွာ။

………..

စတုတ္ထအနေနဲ့ကျေးဇူးတင်ရမှာ..ကျွန်တော့်အနားမှာတသက်လုံးရှိနေပေးနိုင်မယ့်သူတစ်ယောက်ပေါ့။

နားလည်မှုတစ်ခုနဲ့ကျွန်တော့်ဘ၀ကြီးတစ်ခုလုံးတည်ဆောက်ဖို့လိုအပ်တဲ့ခွန်အားတွေသူ့ဆီကရပါတယ်။

ဘ၀ရဲ့ခက်ခဲတဲ့အပိုင်းတွေမှာ..သူကဘေးမှာရှိနေတတ်ပါတယ်။သူ့ရဲ့အားပေးမှုကိုအမြဲတမ်းလိုအပ်ပါတယ်။

………..

ဒီနှစ်မှာဘလော့ကိုလုံးဝလှည့်မကြည့်ဖြစ်ပါဘူး။ပိုစ့်တွေလည်းမရေးဖြစ်ပါဘူး။သူငယ်ချင်းတွေရဲ့

ဘလော့တွေတော့မှန်မှန်သွားလည်၊သွားဖတ်ဖြစ်ပါတယ်။ကော်မန့်ကိုမလိုအပ်ပဲမပေးချင်၊စာရိုက်ရမှာပျင်းတဲ့

ကျွန်တော့်အတွက်တော့အားလုံးသောဘလော့တွေမှာခြေရာမချန်ထားခဲ့နိုင်ပါဘူး

ဒါပေမယ့်သူတို့ရဲ့စာလေးတွေကရင်ထဲမှာရှိနေတတ်ပါတယ်။ အပြင်မှာတွေ့ရင်လဲ..အတော်ဖော်ရွေပြီး

ခင်ဖို့ကောင်းတဲ့သူတွေပါ။တခါတလေအလုပ်တွေများ.စိတ်တွေရှုပ်နေလို့…မပါဝင်ဖြစ်ခဲ့တဲ့စုပေါင်း

အလှူတွေ၊ပွဲတွေအတွက်စိတ်မကောင်းပါဘူး။အားလုံးနေကောင်းကျန်းမာပါစေလို့ဆုတောင်းပါတယ်။

ပုံမှန်ဆိုကျွန်တော်ဏီ(န်)ကင်းကကဗျာတွေ၊စာတိုပေစတွေရေးဖို့ဝါသနာပါတယ်။ဒီနေ့တော့ဘယ်

ခေါင်းစဉ်အောက်မှာမှထည့်လို့မရတဲ့စာတွေရေးနေတယ်မထင်ပါနဲ့တွေးမိတာနဲ့ရေးချင်တာဒီအတိုင်း

လက်တန်းချရေးနေတာပါ။စိတ်ထဲမှာရှိတာတွေပေါ့။ အမှန်အတိုင်းပြောရရင်တော့ကိုယ့်မွေးနေ့လေး

မှာပျော်နေပါတယ်။ ဘ၀ရဲ့သုံးပုံ.ပုံ တစ်ပုံသောသက်တန်းကိုပြည့်ခဲ့ပါပြီ။ အချိန်တွေမကျန်တော့ပါဘူး

ကိုယ့်ကိုယ်ကိုတော့လူတစ်လုံးသူတစ်လုံးဖြစ်ပြီလို့…မထင်သေးဘူး..အားလဲမရပါဘူး..။

………..

အချိန်တွေလည်းဖြုန်းတီးနေမိပါတယ်။ မကောင်းတာတွေမလုပ်မိတာ.၊မဖြစ်တာပဲ…ကံကောင်းတယ်

ပြောရမယ်။စာလာဖတ်ဖြစ်ရင်လဲ..လာဖတ်တဲ့စာဖတ်သူကိုကျေးဇူးတင်ပါတယ်ပြောချင်ပါတယ်။

အောက်မှာတော့..လတ်တလောနားထောင်ဖြစ်ပြီးအရမ်းကြိုက်နေတဲ့သီချင်းတစ်ပုဒ်တင်ပေးထားပါ

တယ်။ကိုယ့်ဘ၀အခြေအနေနဲ့လည်းကိုက်နေတာကိုး….အချိန်တွေမဖြုန်းပါနဲ့ဗျာ..

………..

Posted by: neking | October 21, 2010

ဗျတ်စောင်းဘာသာဗေဒ

လမ်းခြမ်းအ၀ါကို မြင်လို့
ကောင်းကင်ကို မမြင်လိုက်ဘူး
တစ်ယောက်နဲ့တစ်ယောက်
ရွာရိုးကိုးပေါက်ဝေးခဲ့မိတယ်။

ကောင်မလေးရေ
ငါ့ရဲ့ အမေတစ်ဝက် ဆောင်းရာသီတစ်ဝက် ကောင်မလေးရေ
ငါ့ကိုကယ်ပါ။

ငါ့ကိုကယ်တင်တယ်လို့သဘောမထားဘဲ
ငါ့ကိုပဲ ကယ်ပါ
မင်းရဲ့အဖြူတစ်ဝက်ရဲ့ အဖြူတစ်ဝက်လောက်
ငါ့ကို ဆွတ်ပေးပါ။

ရင်ဘတ်က ကြယ်ငွေ့တွေဖြာကျလာတဲ့အထိ
ငါပွင့်ပစ်လိုက်ချင်လို့ပါ။

ဆရာတာရာမင်းဝေ

ဒီနေ့အားအားရှိနေလို့..(တကယ်တော့မအားပါ…အားဖြစ်အောင်ကို.တော်တော်လေ့ကျင့်ထားတာပါ)ကျွန်တော်ကြိုက်တဲ့
စာတွေ.အသုံးအနှုန်းတွေရေးတဲ့ ကို Zephyr ဘလော့ထဲကိုဝင်…ပြီး..ရှိရှိသမျှပို့စ်တွေကိုသိမ်းကြုံးဖတ်နေမိတာ….
တခါတလေ…ကိုယ်ကြိုက်တဲ့စာတွေရေးတဲ့ဘလော့တွေဆိုဒီလိုမျိုးကိုအကုန်ဖတ်တတ်တာ…ကျွန်တော့်အကျင့်.
အားလုံးကိုနားလည်ဥာဏ်မှီတယ်တော့မထင်နဲ့….တနှင့်တပိုးခံစားပါတယ်…ဗဟုသုတတွေကိုမှတ်သားပါတယ်..
(မေ့သွား…နားမလည်လဲ…နောက်တစ်ခေါက်ပေါ့ဗျာ…)
ဒီကဗျာလေးတင်ထားတဲ့ပို့စ်လေးအရောက်..ရင်ထဲမှာလှိုက်တက်လာလို့ပါ။ကျွန်တော့်ရင်ထဲမှာခံစားနေရတာတွေနဲ့
ထပ်တူကျနေလို့ (ဘယ်လိုလဲတော့မမေးနဲ့.ကျွန်တော်လဲမရှင်းပြတတ်)

အားလုံးမျှော်လင့်ထားတဲ့အတိုင်းပဲ…(ဘယ်သူကသိမှာမို့တုန်း)ကျွန်တော်စာတွေ၊ကြုံရာကျပန်းတွေမရေးဖြစ်တာကြာပြီ။
ရေးဖို့အချိန်မရှိသလို၊ရေးနိုင်တဲ့စွမ်းအားလဲမရှိ။တော်တော်တုံးတာပဲ..ကိုယ့်ကိုယ်ကိုယ်ဒီလိုပဲမှတ်ကျောက်တင်ပစ်လိုက်တယ်။
ဒိုမိန်းလဲချိန်းလိုက်တော့သူငယ်ချင်း၊မိတ်ဆွေဘလော့ဂါတွေလည်း…လမ်းမှားပြီး၊မျက်စိလည်ပြီးတော့တောင်မရောက်တော့တာ..
သူတို့မပြောပါနဲ့.ကိုယ်တိုင်တောင်ရေးထားတဲ့စာတွေသိမ်းထားမယ်ဆိုလို့သာဒီ wordpress ထဲဝင်တင်ထားရတယ်…
တခါတလေ..ကိုယ့်လိပ်စာတောင်ကိုယ်မေ့မေ့နေတတ်တာ…။အဲ…မကြီးကောင်းကင်ပြာလိုတော့…စကားဝှက်မေ့မနေဘူး.
(ရှိရှိသမျှအကောင့်အားလုံးကို…ဒီတစ်ခုပဲသုံးနေတာကိုး…ဘယ်မေ့မလဲ..)…အင်ဖော်မေးရှင်းတက်ကနော်လော်ဂျီခေတ်ထဲမှာ
စကားဝှက်ကိုဒီလိုမပေးသင့်ဘူးဆိုတာသိပေမယ့်….ကျွန်တော့်လိုလူမျိုးမရှားဘူးဆိုတာ…ခင်ဗျားတို့နဲ့တစ်သန်းကြေးလောက်…
(ဆရာနီကိုရဲစကားလုံးပါ)..လောင်းလိုက်ချင်ရဲ့။..ပြောစရာမရှိရင်..ကိုယ့်ကိုယ်ကိုယ်စကားပြောတတ်လားခင်ဗျ…
ကျွန်တော်လဲပြောပါတယ်..ဒါပေမယ့်ဒီကောင့်အခြေအနေကြီးကိုသိသိရက်နဲ့ဝေဖန်ရတာ..စိတ်တော့မကောင်းဘူး…..။
နှလုံးသားသန့်မှ…ကဗျာရေး..(တကယ်တော့စာတိုပေစ)..မယ်..စာတော့ဖတ်ဖြစ်တယ်…အပေါ်ကပြောပဲအားနေတဲ့အချိန်မှာ
ခင်ဗျားတို့အားလုံးကိုသတိရတယ်ဗျာ…လာလည်တဲ့သူတွေအတွက်… C-Box လဲဘယ်လိုထည့်ရမလဲမသိလို့…မထည့်ပေးနိုင်သေးပါ
သင်အာသီသရှိရင်တော့…ကွန်ပဲပစ်ပေါ့ဗျာ…

လေးစားစွာဖြင့်
ဏီ(န်)ကင်း

Posted by: neking | March 20, 2010

ချို့တဲ့ခြင်း

အလင်းရောင်သာပါပဲ…
ငါ့ရင်ဘတ်ထဲမှာရှိနေမှာလား…
ဒီကောင်မျှော်လင့်နေမိတာပါ…
သို့သော်….ပေးကမ်းမှသာရမှာ…
…………………………………..
ကြင်နာခြင်းလေးတွေ…
ခံစားတတ်ပေမယ့်…
နားလည်မှုတွေသာမရှိရင်..
ငါနဲ့သူဝေးလွှင့်သွားမှာ

…………………………………..

အစွဲအလမ်းတခုကိုသာ…
ငါမက်မောနေရင်…
ငါ့ပြောစရာတွေဟာ…
မင်းနဲ့ပဲ…သက်ဆိုင်သွားမှာ

…………………………………..

မှားယွင်းမှုတွေဆိုပြန်ရင်လဲ…
ခေါင်းမာတာထက်…
မနှစ်မြို့ဘူးလို့မဆိုချင်ပါဘူး..
ငါကျေနပ်မှာ….

…………………………………..

တည်ရာတခုကိုရှာကြံနေရင်း..
ထီပေါက်တဲ့လက်မှတ်ပျောက်သွားရင်
တန်ဖိုးတခုနဲ့..အချိန်တခုအတွက်…
ငါရင်းလိုက်မယ့်ရင်ဘတ်တခြမ်း…
သူတကယ်သိမှာလား.

…………………………………..

အမုန်းတွေကိုသာ
ယူလာသူမှအပြစ်မဟုတ်ပါဘူး..
လက်ခံသူမှာကလဲ..ချို့တဲ့မှုတွေနဲ့ပါ..
ဘာပဲဖြစ်ဖြစ်…ငါရှင်သန်နေရဦးမှာပါပဲ….

…………………………………..
အဆက်အစပ်တွေကတော့မိချင်မှမိမယ်…

အကြမ်းစားပုံစံခွက်တခုပါပဲ.

လေးစားစွာဖြင့်

…………………………………..

ဏီ(န်)ကင်း

Posted by: neking | February 24, 2010

သွားသင့်သည်

ခရီးရဲ့အစမှာ..ဘယ်လိုလိုက်ကာတွေချထားမှန်း

ငါတို့မသိဘူး.သေချာတာကပျော်တယ်

နေရာ၊အချိန်၊ရာသီပြောင်းလဲမှုတွေက.ငံ့လင့်ကြိုဆိုပါတယ်

အသွားမတော်တာတွေခဏလေးဖြစ်ဖြစ်မေ့လိုက်.

၉ယောက်ဖြစ်နေရင်မောင်ကျောက်ခဲကိုပါခေါ်လိုက်.

တဆစ်ချင်းချိုးချနေတယ်.မာယာတွေမပါဘူး.ဒါပေသိ.မတ်စောက်တယ်

ကြောက်စရာကအမှန်မှာမရှိဘူး.အေးစက်စက်နဲ့မို့.မသိစိတ်ကရွံ့နေတာ

သေချာချင်ရင်တော့ကိုယ်တိုင်သွားထိုင်နေမှရမယ့်.နေရာတစ်နေရာ

လောကကြီးဘယ်လောက်ကျယ်ကျယ်.ကျောတခင်းစာပဲငါတို့နဲ့သက်ဆိုင်တယ်

အထိအတွေ့တွေကရင်းနှီးပါတယ်.”အယ်….သူတို့ပြောနေတာငါသိတဲ့စကားပဲ”

ပေါ့ကျလေးတစ်ခွက်နဲ့ငါတို့မနက်ဖြစ်ခဲ့တယ်

အလှူခံသူတွေစိတ်ညစ်နေမှာလား.မသိဘူး.ငါတို့မသိကျိုးကျွန်တွေပြုလို့လေ.

တတ်နိုင်ဘူး.ရည်မှန်းချက်တနေရာအတွက်ကြားမှာ.ဖြုန်းတီးမှုတွေကို

ငါတို့မလိုလားဘူး…

တည်နေရာမှာအေးချမ်းတယ်.ဒီနေရာမှာငြိမ်းချမ်းတယ်.

ငါတို့အမြဲသာဘာဝနာပွားနိုင်ရင်ကောင်းရဲ့

အပန်းဖြေနိုင်တယ်.အဆန်းတွေတွေ့နိုင်တယ်.

ဟောဒီမှာဆတ်၊ချေ၊တောကြောင်၊ယုန်

အကုန်သာကြည့်.ရဲရင်တော့စား…ဟောဟိုနားက.

အမကြီးဆေးအလကားလိမ်းသွားပါလား“…တဲ့

တောင်အမြင့်ကြီးမှာလဲမာနတွေနဲ့ပါလား.

ဒဏ်ရာတွေလည်းအလိမ်းလိမ်း.လူတွေစည်းကမ်းမရှိကြဘူး

ပလပ်စတစ်အမှိုက်တွေများများလာတယ်

စကားမစပ်ပြောရရင်တော့.ဖုန်ထူ၊နေပူ၊ရေဆာတယ်

နှာသီးဝထိတဲ့လေသာမအေးမြရင်.အပန်းတွေကြီးကုန်တော့မယ်..

ဖြတ်ကျော်တယ်ဆိုတာထက်..(မရိုမသေ)..*င်ကုန်းသာတက်ကြရပါတယ်.

မောတယ်၊ပန်းတယ်၊လန်းတယ်၊ဆန်းတယ်…

ရိုက်ပါဟဲ့…ချိန်ပါဟဲ့..နေ၀င်တာတွေမသိလောက်အောင်ပေါ့

အချိန်ပေါင်းနာရီတွေတော်တော်များခဲ့တယ်…ဒါပေမယ့်

ငါတို့မလုံလောက်ဘူးလား…

ကြွားတ၀ံ့ဝံ့နဲ့ပြောခဲ့တယ်…တောင်ကိုးလုံးအဆုံးကိုသာဖြိုမယ်တဲ့

တကယ်တမ်းရေတံခွန်တကြောတောင်.မစဉ်းစားရဲခဲ့ဘူး

ဟိုး၁၀နှစ်လောက်က၀ါးကိရိယာတွေကိုတော့အလွမ်းသား

မချစ်ရင်ပစ်မယ်.ယောက္ခမကြီးကိုဖြိုမယ်..ဘာညာပေါ့..

အားလုံးကအပြန်လက်ဆောင်တွေ.ယိုစုံတွေလည်းပါရဲ့

ဒီတခေါက်တော့..

တောင်ဝှေးတလက်တောင်မထိတွေ့လိုက်ရပါဘူး

အော်.လူကြီးတွေဖူးနိုင်ကြပြီ..ဘေးဘီကြည့်ပြီး

မကြောက်တတ်.သွေးမတက်ကြဘူးဆိုရင်ပေါ့လေ

ရဟတ်ယာဉ်ကွင်းတွေလဲအခန့်သားခင်ဗျ.

အပြန်လား….သွားလမ်းသာလို့ပြန်လမ်းသန့်ပါတယ်.

မှဲ့ရှင်ဘုရားနဲ့ရွှေမော်ဓောစေတီတောင်ကြည်ညိုခွင့်ထပ်ရတယ်

လွမ်းသလားမမေးပါနဲ့..အချိန်တန်တော့လဲအိမ်ပြန်ရောက်ကြစမြဲပဲလေ

ဒါပေသိ.ငါကကိုပိုလွန်ကျူးရတာပါ.သူငယ်ချင်းတို့ရေ

အဝေးကြီးပါ.မိုင်ပေါင်းက တစ်ထောင့်နဲ့နှစ်ရာ

ကဲပါ…

အတ္တတွေနဲ့မာနတွေကိုခဏလောက်မေ့လိုက်ကြရအောင်.

တည်မြဲတဲ့သံယောဇဉ်တွေနဲ့မေတ္တာများများထားကြည့်ပါ

ငြိမ်းချမ်းမှုလေးတွေနဲ့ပျော်ရွှင်မှုတွေရှိပါလိမ့်မယ်

ငါတို့တခါအို၊နာ၊သေရဦးမယ်လေ.

ဖြစ်နိုင်ရင်တော့…

နောက်တစ်ခေါက်သံသရာလေး.ဒီနားကိုထပ်လည်ပါဦး…လို့

ဏီ(န်)ကင်း (ကျိုက်ထီးရိုးအမှတ်တရ)

Posted by: neking | February 5, 2010

လင်းခေးသို့အ၀င်

တေးသံရှင်ကိုဘိုဖြူဆိုထားတဲ့သီချင်းလေးပါ။ပထမဦးဆုံးနားထောင်မိလိုက်တဲ့အချိန်ကစပြီးတသသနဲ့

နားထောင်တိုင်းမ၀တဲ့သီချင်းလေးပါ။သံစဉ်အေးအေးလေးနဲ့ဝင်ပြီးဂရုဏာသံအပြည့်နဲ့အဆိုရှင်ကိုဘိုဖြူက

သီဆိုပေးထားတာပါ။ကိုယ်ပိုင်သံစဉ်ပါပဲ။သီချင်းအကြောင်းအရာလေးကတော့..နယ်ဝေးတနေရာကနေပြီး

မိမိရဲ့မွေးရပ်ဇာတိကိုပြန်လာသူတစ်ယောက်ရဲ့မွေးရပ်မြေပြန်တဲ့အခါတွေကြုံခံစားမှုကိုဖော်ဆောင်ထားပါတယ်။

တောင်စဉ်တောင်တန်း(ရှမ်းပြည်ပေါ့ဗျာ)တွေရဲ့အငွေ့အသက်တွေနဲ့မွေးရပ်မြေကအပေါင်းအသင်းရောင်းရင်းတွေ

နဲ့တွေ့ဆုံပျော်ပါးကြတယ်ပေါ့ဗျာ.။ကျွန်တော်ရေးထားတာတွေကိုပဲဖတ်လို့ကတော့သီချင်းရဲ့အနှစ်ကိုကိုင်ဆုပ်မိမယ်မထင်ဘူး။

ရသပေါ်လွင်အောင်လဲမရေးသားမစွမ်းဆောင်နိုင်ပါဘူး။ဒီတော့သီချင်းလေးကိုသာနားထောင်လိုက်ပါနော်။ညာဘက်က

Play list ရဲ့ပထမဆုံးအပုဒ်မှာထည့်ပေးထားပါတယ်။ Play Buttonလေးနှိပ်ပြီးနားထောင်ပါဗျာ။

……………………………………………………………………………………………………………………………………….

သိပ်မကြာခင်မှာကျွန်တော်အိမ်ခဏပြန်ရမယ်။တစ်နှစ်ကျော်လောက်ဝေးနေခဲ့တဲ့ကျွန်တော့်အိမ်ကို

အလည်တစ်ခေါက်လောက်ပြန်ရမှာပါ။အိမ်နဲ့လည်းတသက်လုံးဒီလောက်ကြာကြာအဝေးမှာမခွဲဖူး၊မနေဖူးပါဘူး။

ကျွန်တော်ကငယ်ငယ်ကတည်းကအိမ်မကပ်တဲ့လူဆိုတော့အိမ်နဲ့ဝေးနေချိန်မှာအိမ်ကိုလွမ်းတာတွေကတော့နည်းပါတယ်။

ဒါပေမယ့်ပြန်ရတော့မယ်၊ပြန်မယ့်အခွင့်အရေးလေးတွေရချိန်မှာတော့အရမ်းပြန်ချင်နေမိတယ်။သူငယ်ချင်းအပေါင်းအသင်းတွေ

အိမ်ပြန်ချိန်တွေကိုခဏခဏလိုက်ပို့ခဲ့ဖူးတယ်။ဒီတခါတော့အဲဒိအတွေ့အကြုံကိုကိုယ်တိုင်ခံစားတော့မယ်။ပျော်စရာပါပဲ။

အိမ်ပြန်နေချိန်တွေဒီဘလောက်လေးကိုခဏခွဲထားရမှာပါပဲ..။ဟိုမှာက၀င်ဖြစ်မယ်မထင်ဘူး..။လာလည်သူအပေါင်းကိုလည်း

တောင်းပန်ပါတယ်။ပြန်လာမှအိမ်အပြန်အတွေ့အကြုံလေးတွေကိုဖောက်သည်ချပါ့မယ်….

စကားမစပ်ဟိုမှာဘာတွေလုပ်သင့်တယ်၊ဘယ်တွေသွားသင့်တယ်၊ဘာတွေစားသင့်တယ်ဆိုတာညီအစ်ကိုမောင်နှမတွေအနေနဲ့

အကြံပေးစေချင်တယ်။ကျွန်တော့်ခေါင်းထဲဝမ်းသာပြီးဘာမှစဉ်းစားမရဘူးဖြစ်နေတယ်။လောလောဆယ်ကျိုက်ထီးရိုးဘုရားဖူး

သွားဖို့စီစဉ်ထားပါတယ်။တခြားလုပ်သင့်တဲ့ကိစ္စလေးတွေကိုလမ်းညွှန်ပေးပါဦးခင်ဗျာ…

ဏီ(န်)ကင်း

Posted by: neking | January 27, 2010

ဇန်န၀ါရီ..၂၇

ကောင်မလေး

မင်းဟာခမ်းခမ်းနားနားကြီးလွမ်းမပြတတ်ပါဘူး

ကျေနပ်တယ်လို့ဟန်ဆောင်မပြောတတ်ပါဘူး

တိတ်ဆိတ်မှုတွေနဲ့သာ..ပြိုလဲနေမယ့်..

နတ်သမီးနုနုလေးပေါ့

ငါ့ကောင်းကင်ကြွေချိန်…မင်းနဲ့တွေ့ဆုံတယ်..

သိနေရက်နဲ့ထိခိုက်မိနေတတ်တယ်..

မျက်ရည်တွေကကောင်းကင်ကရွာသွန်းတာလား

မြေပြင်အငွေ့ပျံလာတာလား..မသိ

ဒါပေမယ့်.ဘာပဲဖြစ်ဖြစ်

မနာကျင်စေချင်ဘူးကွယ်

စကားမစပ်…ငါမက်မောတွယ်တာခဲ့တာ.

မင်းအပြုံးလေးတွေပေါ့

ခပ်ဖွဖွလေးပြန်လာနမ်းလှည့်ပါ..

ငါ့ရင်ဘတ်ဟင်းလင်းကြီးမှာ…ခင်းကျင်းပြီးပြထားတာ…

ခပ်ပြင်းပြင်းဝိုင်ချိုတခွက်..

အမူးတော့မရ..သူကရီဝေေ၀ရယ်..

ကြုံရာကျပန်းသိက္ခာဆိုတာ..ငါအခုစီးစီးဖြစ်နေတဲ့ဖိနပ်တရံပါပဲ

……………………………………………………………………………………………………

လေးစားစွာဖြင့်

ဏီ(န်)ကင်း

Posted by: neking | January 21, 2010

နှင်းနက်ဆံနွယ်

ရင်ထဲမှာနှင်းတွေကျနေတယ်..

ဒါပေသိအဖြူရောင်မဟုတ်ဘူး

သယံဇာတကြွယ်ဝပါတယ်ဆိုတဲ့…ငါ့ဦးနှောက်က

အသိတချက်ပျောက်တယ်…

ကြွေလွင့်ချက်တွေများမှများပါလားကွယ်။

ငါနားလည်နိုင်တာထက်သူပိုကဲပြီး..ထူးဆန်းတယ်

ပင့်သက်ရှိုက်တာကလွဲလို့ငါ့ကိုခံဝန်ထပ်မထိုးခိုင်းပါနဲ့တော့

စွဲချက်တွေအတွက်ငါ့ကိုငါပဲစာတမ်းလုပ်လိုက်ပါတယ်

အနီရောင်ကျိန်စာထုပ်ထဲမှာဘာတွေရှိမလဲငါမသိပေမယ့်

၏သည်မရွေးမြတ်နိုးမှုတွေနဲ့…

အတူတကွထိုင်ချုပ်ထားခဲ့တာ

သူငါ့ရင်ထဲကိုကိုင်လှုပ်သွားခဲ့တာ.

တကယ်ပါ

ဒီနေ့ရက်မှာငါတကယ်မရှိချင်ခဲ့ဘူး

တခုပဲ…

ပြောမပြတတ်အောင်ငါလွင့်ထွက်သွားချင်ခဲ့ဖူးတယ်

လေးစားစွာဖြင့်

ဏီ(န်)ကင်း

Posted by: neking | January 14, 2010

အလေ့ကျပေါက်ပင်

ငါဟာအလေ့ကျပေါက်ပင်ပေါ့…

နေရာဒေသနဲ့ပတ်ဝန်းကျင်မရွေး

အချိန်အခါနဲ့ရာသီမရွေး.ငါရှင်သန်နိုင်ပါတယ်

ဒါပေသိ.ငါဟာ

ယိုင်နဲ့မှု၊အားငယ်မှုတွေနဲ့ပါ၊စိတ်ပျက်ခါးသက်မှုတွေရောပေါ့

ကိုယ်မနှစ်သက်.လက်မခံခဲ့ပေမဲ့လည်း

နေသားတကျဆိုတာကြီးနဲ့ပျော်မွေ့နေသူ

မလိုချင်လို့ပစ်ချထားခဲ့တဲ့.ယိုဖိတ်မှုတွေအောက်ဓားစားခံအဖြစ်နဲ့

နေရာ၊ကျရာမှာပျော်နေတတ်သူ

ပိုင်ဆိုင်ခြင်းဆိုတာဘာလဲငါမသိဘူး

လိုက်ဖက်ညီခြင်းဆိုတဲ့စကားလုံးငါ့အတွက်မဟုတ်ဘူး

ငါဟာ.

အခိုက်အတန့်တစ်ခုစာအတွက်ပဲမောက်မာကြွားဝါခွင့်ရှိနေသူ

ခြစားနေတဲ့ငါ့ရဲ့မွေးရာပါမာနတွေကို

အရောင်တွေချွတ်ချွတ်ကြည့်နေမိတာ.

ငတ်မွတ်မှုတွေလောက်တောင်သူတို့…တန်ဖိုးမရှိ.အသုံးမကျတော့ဘူးလေ

ငါ့နွေတွေကတခြားသူတွေထက်ပိုပူလောင်ခဲ့လည်း

တမိုးလုံးချုံးချုံးချပြိုလဲသွားတာတောင်..ငါတုံနိဘာဝေလုပ်တတ်ခဲ့လည်း

အသည်းကွဲရာသီတွေအထပ်ထပ်ပေးဆပ်ကာဖြတ်ကျော်ခဲ့လည်း….

တကယ်တော့…ငါဟာအလေ့ကျပေါက်ပင်……..တစ်ပင်ပါပဲ

……………………..

……………………..

လေးစားစွာဖြင့်

ဏီ(န်)ကင်း

တကယ်ဆိုခံစားတတ်တဲ့လူတွေပါပဲ။ပျော်သူတွေရွှင်မြူးသလို၊၀မ်းနည်းသူတွေငိုကြွေးနေတယ်။

သတိတရရှိတယ်တဲ့…။ငါကျေနပ်ပါတယ်။ပျင်းရိခြင်းအကြောင်းတွေကငါ့ကိုစာမရေးချင်အောင်ဖြစ်နေတယ်။

အခြားအကြောင်းအချို့ချို့လဲပါမယ်ပေါ့လေ။ရင်ထဲမှာဖြစ်တည်မှုတွေနဲ့..ကျရောက်ပေါက်ဖွားလာတဲ့စကားလုံးတိုင်းက

ငါ့အတွက်တန်ဖိုးကြီးအမှတ်တရတွေပါပဲ။ကဗျာဆိုတဲ့အတိုင်းအတာတွေကိုမသိပါဘူး။စည်းစနစ်နမူနာတွေကိုမတတ်ပါဘူး။

ရင်ထဲကဒီအတိုင်းရောက်ရောက်လာတဲ့အကြမ်းထည်ကိုဒီအတိုင်ငါချပြလိုက်ပါတယ်။ခံစားတတ်ပါစေ…..

အသည်းကွဲစွာဖြင့်…..

…………………………………………………………………………………….

Read More…

Posted by: neking | January 4, 2010

ချစ်သူသို့

သံချေးတစ်ထပ် ရွှံ့တစ်ထပ်မို့

သူတို့ရဲ့စိတ်အတင်အချကို

မင်းဘယ်လိုမှဖတ်လို့ရမှာမဟုတ်ဘူး။

………………………………………………………………………………………………………………………………………………..

အာငွေ့မှုတ်သံတွေကြားမှာပဲ

ရယ်မောကာတစ်နွေလုံးပိတ်

ကိုယ်ယဉ်ကျေးမှုနဲ့ ကိုယ်အိပ်ပစ်လိုက်ကွယ်…

………………………………………………………………………………………………………………………………………………..

ချစ်သူရေ..

လောကမာယာဆိုတာ

အတီးခံရတဲ့ဗုံတွေရဲ့ဂီတပါပဲ။

စစ်တုရင်တစ်ပွဲလုံးကို

ဆွဲမှောက်ခံလိုက်ရပေမယ့်

ဘာဖြစ်လဲ

ဝမ်းမနည်းကြေး

တို့တွေရွာသွန်းကြရုံပေါ့

………………………………………………………………………………………………………………………………………………..

ယုံကြည်ထားစမ်း

ရေခိုးရေငွေ့ကလည်း

ပင်လယ်ကိုပစ်ပေါက်စိုက်ပျိုးနိုင်တယ်ဆိုတာ။

………………………………………………………………………………………………………………………………………………..

ဆရာတာရာမင်းဝေ(မိုးခေါင်လို့ တီးတဲ့ဗုံသံ)

ဆရာရယ်…ကျွန်တော့်ကိုခွန်အားတွေပေးသနားပါဗျာ….ဏီ(န်)ကင်း

Older Posts »

Categories

Follow

Get every new post delivered to your Inbox.